နားထဲကို ရေဝင်ရင် ဘာလုပ်သင့်လဲ
ရေကူးပြီးတဲ့အခါ…… ရေကစားပြီးနောက် ဒါမှမဟုတ် ရေချိုးတဲ့အချိန်တွေမှာ အခန့်မသင့်ရင် နားထဲကို ရေဝင်တာမျိုး ကြုံရတတ်ပါတယ်။
ဒီအချိန်မှာ နားထဲမှာ နားအူတာ၊ ရေသံကြားရတာနဲ့ အသံတွေကို ကောင်းစွာမကြားနိုင်တာမျိုးဖြစ်ပြီး ခံရခက်တဲ့အပြင် နားနဲ့ပတ်သက်တဲ့ ပိုးဝင်တာလဲ ဖြစ်နိုင်တာကြောင့် ဆောင်ရန် ရှောင်ရန် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
နားထဲကို ရေဝင်တဲ့အခါမှာ ရေအလွယ်တကူ ထွက်လာဖို့ ဘာတွေ လုပ်ရမလဲ?
(၁) နားရဲ့ အပြင်ဘက်ကို သဘက်နဲ့ ခြောက်သွေ့အောင် သုတ်ပေးပြီး ရေဆင်းရတာ လွယ်ကူစေဖို့ နားကို ဘေးတစ်ဖက်ကို စောင်းပေးကာ ညှင်ညှင်သာသာ လှုပ်ပေးဖို့ လိုပါတယ်။
(၂) ရေခြောက်စေဖို့ လေမှုတ်စက် (Dryer) ကို အရှိန်အနိမ့်ဆုံး အနေအထားနဲ့ နားထဲကို အသာအယာ မှုတ်ပေးပြီး ရေထုတ်ပေးလို့ရပါတယ်။
(၃) သံလွင်ဆီဟာ နားပိုးဝင်တာကို သက်သာစေတဲ့အပြင် ရေထွက်အောင်လဲ ကူညီပေးနိုင်ပါတယ်။ သံလွင်ဆီကို အနည်းငယ် အပူပေးပြီး မပူမအေးအခြေအနေမှာ နားထဲကို အစက်ချပေးပါ။ နားကို ၁၀ မိနစ်လောက် တစ်ဖက်စောင်းပေးမယ်ဆိုရင် ဆီနဲ့ ရေ နှစ်မျိုးလုံး ပြန်ထွက်လာပါလိမ့်မယ်။
(၄) နားထဲရေဝင်နေချိန် ဆေးဆိုင်မှာ ဝယ်ယူနိုင်တဲ့ နားအစက်ချဆေးရည် တချို့ကိုလဲ ဆေးညွှန်းအရ အသုံးပြုပေးနိုင်ပါတယ်။
(၅) ရေနွေးငွေ့ရှုချိန် ခေါင်းကိုတစ်ဖက်စောင်းပေးတာကလဲ ရေထွက်တာကို ကူညီပေးနိုင်ပါတယ်။
အခုပြောခဲ့တဲ့အချက်တွေဟာ အန္တရာယ်မရှိသလို လွယ်ကူတာကြောင့် နားထဲရေဝင်တာအတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ နားထဲရေဝင်နေချိန်မှာ နားအတွင်းပိုင်းကို လက်နဲ့ ကုတ်ခြစ်တာ၊ မသန့်ရှင်းတဲ့ အရာတွေနဲ့ ထိုးတာတွေဟာ ပိုးဝင်တာကို ပိုဆိုးစေလို့ လုံးဝမလုပ်သင့်ပါဘူး။
နားထဲကို ဂွမ်းတံနဲ့ ခပ်ကြမ်းကြမ်းထိုးတာတွေကလဲ နားကို ထိခိုက်နိုင်တဲ့အပြင် ပုံမှန်ရှိနေတဲ့ နားရဲ့ ချောဆီတွေကို ဖယ်ရှားသလို ဖြစ်နိုင်ပါတယ်။
နားထဲရေဝင်တဲ့ ပြဿနာဟာ များသောအားဖြင့် သူ့အလိုလို သက်သာသွားလေ့ရှိပေမယ့် တကယ်လို့ နားထဲရေဝင်ပြီးနောက် နားအတွင်း ယားလာတာ၊ ရောင်ပြီး နီလာတာ၊ နာကျင်ကိုက်ခဲတာ၊ နားထဲကနေ အရည်တချို့ထွက်တာ တွေဖြစ်ခဲ့ရင် ဆရာဝန်နဲ့ သေချာပြသဖို့ လိုကြောင်း မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)